Wednesday, September 22, 2010

ဖုန်းရွှေ မိတ်ဆက်


Feng Shui: The Art of Living in Harmony

မြန်မာလို “ဖုန်းရွှေ” လို့ ခေါ်နေကြတဲ့ တရုတ်ရိုးရာ ပညာ Feng Shui (風水) ရဲ့ အသံထွက် အမှန်ကတော့ “ဖုန်းဆွေ” လို့ ထွက်ပါတယ်။ ဖုန်း (風) ဆိုတဲ့ တရုတ်ဝေါဟာရက “လေ” ကို ဆိုလိုတာ ဖြစ်ပြီး ဆွေ (水) ဆိုတာက “ရေ” ကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒါကြောင့် အကြမ်းအားဖြင့် ဆိုရရင်ဖြင့် ဖုန်းရွှေပညာရပ်ဟာ လေနဲ့ ရေကို အခြေခံထားတဲ့ သဘာဝကျတဲ့ ပညာရပ်တစ်ခုလို့ ဆိုရပါမယ်။

လွန်ခဲ့တဲ့ အနှစ် ၃၀၀၀ ကျော်လောက်က စတင်ပေါက်ဖွားလာခဲ့တဲ့ ဖုန်းရွှေပညာရပ်ကို နေအိမ်ဂေဟာတွေ သင်္ချိုင်းအုတ်ဂူ စတာတွေ အတွက် အရပ်မျက်နှာ ရွေးခြယ်တည်ဆောက်တဲ့ နေရာမှာ အဓိက အသုံးချပါတယ်။ အရပ်ဒေသ တစ်ခုမှာ အိမ်တစ်အိမ်၊ အဆောက်အဦ တစ်ခုကို စတင်ပြီး ပန္နက်စသည် မချခင်မှာ မြင့်မြတ်တဲ့ဓာတ်တွေ တည်ရှိတဲ့ နေရာကို ရှာဖွေရတာဟာ ဖုန်းရွှေပညာရဲ့ အဓိကလုပ်ဆောင်ချက်ပါပဲ။


Heaven & Earth ဆိုတဲ့ ကောင်းကင်နဲ့ မြေကြီးကြားမှာ သမမျှတ Balance ဖြစ်အောင် နေထိုင်ခြင်းဖြင့် ကောင်းမွန်တဲ့ (氣 - qi) ချိဆိုတဲ့ ဓာတ်တွေကို တည်ဆောက်နေထိုင်ခြင်းဟာ ဖုန်းရွှေပညာရပ် ပါပဲ။ ဒါကြောင့် မိမိကိုယ်ကိုယ် တင့်သင့်လျှောက်ပတ်အောင် တည်ဆောက်လိုသူ မည်သူမဆိုအတွက် ဖုန်းရွှေပညာရပ်ကို အသုံးချနိုင်ပါသေးတယ်။

ဒီဘလော့ဂ်လေးမှာ တရုတ်ရိုးရာ ပညာ “ဖုန်းရွှေ” နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ၊ ဆောင်ရန် ရှောင်ရန်တွေ၊ နည်းနာနိဿယ စတာတွေကို လက်လှမ်းမီသရွေ့ တင်ပြသွားပါမယ်။ MM Feng Shui Study ဆိုတဲ့ နာမည်မှာ MM ဆိုတာကတော့ “မြန်မာ” ဆိုတာကို ဆိုလိုတာပါ။ “ဖုန်းရွှေ” ဟာ မြန်မာပညာရပ် မဟုတ်ပေမယ့် ဒီနေရာလေးကို မြန်မာနိုင်ငံသား တစ်ယောက်က ဖန်တီးထားတာကို သိစေချင်တဲ့အတွက် MM လို့ ထည့်သွင်းရခြင်း ဖြစ်ပါတယ်။

ပွင့်လင်းသော အမြင်၊ ကျိုးကြောင်း ဆီလျော်သော ယုံကြည်မှုတို့ဖြင့် စစ်မှန်သော ပညာအလှတရားကို သင်္ခါရများ နောက်ဝယ် သင်ငါ ရသမျှ ထားခဲ့ကြပါဦးစို့...။

ကြွယ်ဝမျှတသော သဘာဝတရားဆီသို့
အုပ်စိုး

0 comments:

Post a Comment