Sunday, September 26, 2010

လျှပ်တစ်ပြက် ဖုန်းရွှေ


အင်မတန်မှ ရှုပ်ထွေးလှတယ် ဆိုတဲ့ ဖုန်းရွှေပညာကို လျှပ်တစ်ပြက် လေ့လာရအောင်။ ဖုန်းရွှေပညာမှာ အဓိကကျတဲ့ ချိ (氣 - qi) ဓာတ်ကို တိုးမြှင့်စေတဲ့ နည်းစနစ်လေးတွေပါ။ နေ့စဉ်တွေ့မြင်နေကျ သာမန် အသုံးအဆောင် ပစ္စည်းလေးတွေနဲ့ သင့်ရဲ့ အိမ်ထဲကို ကောင်းမွန်တဲ့ ချိဓာတ်တွေ ရောက်လာစေနိုင်ပါတယ်။

=====================================

 
ကြည့်မှန် (Mirror)

ကိုယ့်အိမ်နဲ့ မျက်နှာချင်းဆိုင်မှာ ကိုယ့်အိမ်ထက်ပိုပြီး အရှိန်အဝါကြီးတဲ့ အဆောက်အဦ တစ်ခုရှိနေတယ်၊ ဒါမှမဟုတ် လူစည်ကားတဲ့ လမ်းမတွေ ရှိနေတယ် ဆိုရင် ချိဓာတ်တွေ လွန်ကဲနေတတ်ပါတယ်။ ဒီအခါမှာ ကြည့်မှန်ကို တံခါးမှာမှာ ချိတ်လိုက်ချင်းဟာ အတွေ့ရများတဲ့ လက်တွေ့ ဖုန်းရွှေပညာရပ် တစ်ခုပါပဲ။

အခြားတစ်ဘက်မှာတော့ ကြည့်မှန်ကို အိမ်ထဲမှာ ချပြီး အိမ်ရဲ့ ပြင်ပမှာ ရှိနေတဲ့ မိမိ လိုအပ်တဲ့ ဓာတ်ကို အိမ်ထဲကို ဖမ်းယူထည့်သွင်းခြင်းဟာလည်း နည်းဗျူကောင်း တစ်ခု ဖြစ်ပါတယ်။ နမူနာဆိုရမယ် ဆိုရင် သင့်အိမ် အပြင်ဘက်မှာ ရှိနေတဲ့ လှပတဲ့ ပန်းခြံလေးကို ကြည့်မှန်ရဲ့ အကူညီနဲ့ အိမ်ထဲကို ပုံရိပ်ဟပ်လာအောင် ဖန်တီးနိုင်ခြင်းပါ။

=====================================
 
ငါးကန် (Aquarium)

ရိုးရိုးစင်းစင်း ငါးကန်လေးတစ်ခုဟာ သင့်အိမ်ထဲမှာ ရှိနေတဲ့ ရေဓာတ်ကို တိုးမြင့်စေနိုင်ပါတယ်။ ဒါဟာ ချိဓာတ်၊ စည်းစိမ်နဲ့ ကြွယ်ဝခြင်းတွေကို ဆွဲဆောင်နိုင်ပါတယ်တဲ့။

တကယ်လို့ သက်ရှိ ငါးကန်တစ်ခုကို သင်ဖန်တီးဖို့ အဆင်မပြေဘူး ဆိုရင် အစားထိုးအနေနဲ့ ရေနဲ့ဆိုင်တဲ့ ရှုခင်းပန်းချီ၊ ရေတံခွန်ပုံ စတာတွေကိုလည်း ချိတ်ဆွဲနိုင်ပါတယ်။ ဒါဟာလည်း အိမ်ဂေဟာမှာ နေထိုင်သူတွေရဲ့ အမြင်မှာ လိုအပ်နေတဲ့ ရေဓာတ်ကို ဖြည့်ဆည်းပေးခြင်း တစ်နည်းပါပဲ။

=====================================

သက်ရှိအပင်များ (Living Plants)

ပန်းပင်တွေ၊ ပန်းအိုးတွေ ထားခြင်းဟာ နေအိမ်ရဲ့ သစ်သားဓာတ်ကို တိုးမြင့်စေပါတယ်။ သင်အိမ်ရဲ့ ဧည့်ခန်းနဲ့ ထမင်းစားခန်းတွေရဲ့ မှောင်နေတဲ့ ထောင့်၊ ချောင်တွေမှာ ပန်းအိုးထားလိုက်ခြင်းဖြင့် တောက်ပလင်းလက် လာစေနိုင်ပါတယ်။ ဒီအခါမှာ သစ်ပင်တွေကို အမြဲတန်း လန်းဆန်း စိမ်းစိုနေအောင် ဂရုစိုက်သင့်ပါတယ်။

(သက်ရှိအပင်တွေဟာ အိပ်ခန်းနဲ့ မီးဖိုချောင်အတွက်တော့ မသင့်လျော်တာကြောင့် အဲဒီနေရာတွေမှာ မထားသင့်ပါဘူး)

=====================================
  
ဖယောင်းတိုင်နှင့် မီးများ (Candles and Lights)

အလင်းလွှတ်တဲ့ အရာဝတ္ထုတွေဟာ သင့်အိမ်အတွက် မီးဓာတ်ကို တိုးမြင့်စေပါတယ်။ အရမ်းလင်းပြီး တောက်ပတဲ့ မီးတွေကို အသုံးမပြုသင့်ပါဘူး။ ဒါတွေဟာ သင့်မျက်စိနဲ့ ကောင်းမွန်ုခြင်း တရားတွေကို ပျက်စီးစေပါတယ်။

အလင်းအားပျော့တဲ့ မီးရောင်တွေဟာ စိတ်ကို နူးညံ့စေပြီး ကောင်းတဲ့ကံတွေကို ယူဆောင်ပေးပါတယ်။ သင့်အိမ်ရဲ့ မှောင်နေတဲ့ ထောင့်တွေ၊ အလင်းအားနည်းတဲ့နေရာတွေမှာ ဖယောင်းတိုင် ထွန်းခြင်းဖြင့် လင်းလက်နေပါစေ။ ဖယောင်းတိုင်တွေဟာ Irregular Shape ဆိုတဲ့ ထောင့်မှန်မကျတဲ့ အခန်းတွေအတွက် ချိဓာတ်ကို မျှတအောင် ဖန်တီးပေးတဲ့နေရာမှာ အင်မတန်မှ အသုံးတည့်ပါတယ်။

=====================================

ဖန်တုံးများ (Crystals)

ဖန်တုံး (Crystals) တွေ အသုံးပြုပြီး သင့်အိမ်ရဲ့ မြေဓာတ်ကို တိုးမြင့်စေနိုင်ပါတယ်။ ဖန်တုံးတွေဟာ အလင်းပြန်စေတဲ့အတွက် ချိဓာတ်တွေကို သင့်အိမ်အတွင်းထဲကို ကူညီဖြန့်ကျဲပေးတဲ့နေရာမှာ အသုံးကျပါတယ်။

နံနက်ခင်း နေရောင်အလင်း အောက်မှာ ဖန်တုံးတွေကို ချိတ်ဆွဲထားခြင်းဟာ အတော်လေး ကောင်းမွန် မြင့်မြတ်ပါတယ်။

=====================================

ဆည်းလည်းနှင့် ခေါင်းလောင်းများ (Wind Chimes and Bells)

သတ္ထုတွေနဲ့ အလှဆင် ဖန်တီးထားတဲ့ ဆည်းလည်း၊ ခေါင်းလောင်း စတာတွေဟာ သတ္ထုဓာတ်ကို ဖြစ်တည်စေတဲ့ အရာတွေပါ။ ဒါ့အပြင် ဆည်းလည်းတွေ၊ ခေါင်းလောင်းတွေဟာ လေနဲ့ ဆက်သွယ်နေတဲ့ အတွက် သင့်အိမ်၊ အိပ်ခန်းထဲကို ချိဓာတ်တွေ ရောက်ရှိလာစေနိုင်ပါတယ်။

ပြုတင်းပေါက်တွေ၊ ဝင်ပေါက်တွေမှာ ဆည်းဆည်းချိတ်ဆွဲတာမျိုး လုပ်လေ့ရှိပြီး ခေါင်းပွ (Hollow) ဆည်းလည်းတွေကိုတော့ ချိဓာတ်ကို အထက်သို့ တက်ရောက်စေလိုတဲ့အခါမှာ အသုံးချနိုင်ပါတယ်။

ကြွယ်ဝမျှတသော သဘာဝတရားဆီသို့
အုပ်စိုး

Reference:
  • Principles of Feng Shui: An Illustrated Guide to Chinese Geomancy, Sherman Tai

4 comments:

TTT said...

ကျေးဇူးအထူးတင်ပါတယ်။ ဒီလိုဆောင်းပါး ရေးမဲ့သူ မရှိသေးပါဘူး။ ဆက်လက်ပြီး ရေးပါအုံး။

8Yar said...

အိမ်တွေမှာ ချိတ်ဆွဲထားတာတော့မြင်ဖူးပါတယ်။ အခုလိုသေသေခြာခြာရှင်းပြနိုင်တဲ့ ပညာရှင်မရှိတော့ မသိခဲ့ရပါဘူး။ ပညာတွေ ဖြန့်ဝေပေးတဲ့ အတွက် ကျေးဇူးပါ။

သက်ပိုင်သူ said...

အိပ်ခန်းတွေမှာ သက်ရှိသစ်ပင်တွေ ထားလို့ မရဖူးဆိုတာ ကျွန်တော် သေချာ နားမလည်နိုင်သေးလို့ ရှင်းပြပေးနိုင်ရင် ရှင်းပြပေးပါခင်မျာ..
ကျေးဇူးတင်စွာဖြင့်

lio montary said...

အိပ်ခန်းမှာ သက်ရှိသစ်ပင်တွေမထားစေတာကတော့ သိပ္ပံပညာရပ်တစ်ခုနဲ့ ဆက်နွယ်နေလို့ပါ ... လူသားတွေဟာ အိပ်နေချိန်မှာ အောက်ဆီဂျင်ကို ရှူပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုထုတ်လွှတ်ကြပါတယ် ... သစ်ပင်တွေကလည်း နေရောင်ခြည်ရပြီး အစာချက်ချိန်က လွဲရင် ညဘက်တွေမှာ အောက်ဆီဂျင်ကို စုပ်ယူပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ပြန်ထုတ်တဲ့ အတွက် ... လူရော၊ သစ်ပင်ရော ရှိချိန် ပြတင်းပေါက်မဖွင့်ထားပါက (သို့မဟုတ်) လေအ၀င်အထွက်စနစ်ကောင်းကောင်းမရှိပါက ... အိပ်နေသူများ အသက်ရှူ ကြပ်နိုင်သောကြောင့်ပါ ... ဒါကတော့ သိပ္ပံရှုထောင့်က ပြောကြားခြင်းဖြစ်ပါတယ်....

Post a Comment