Tuesday, September 28, 2010

အရာရာတိုင်းဆီသို့ (၁)


ဖုန်းရွှေပညာရပ်ရဲ့ နက်နဲ အသေးစိတ်တဲ့ သဘောတရားတွေကို မလေ့လာခင်မှာ မသိမဖြစ် သိသင့်တဲ့ ဖုန်းရွှေရဲ့ အခြေခံ သဘောတရား ၃ ရပ် (3 Basic Principles) ကို လေ့လာကြပါမယ်။ အနောက်တိုင်းက သိပ္ပံပညာရှင်တွေက ကိစ္စရပ်တွေ အားလုံးကို ဖြေရှင်းနိုင်တဲ့ တစ်ခုတည်းသော ဖော်မြူလာ ဖြစ်တဲ့ “အရာရာတိုင်းရဲ့ သီအိုရီ၊ Theory of Everything” ဆိုတာကို ခုချိန်ထိ ရှာဖွေနေကြဆဲပါ။ ဒီအချိန်မှာပဲ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ ကျော်လောက်က မွေးဖွားလာခဲ့တဲ့ ဖုန်းရွှေပညာက အရာရာတိုင်းနဲ့ ပတ်သက်တဲ့ သဘောတရား ၃ ရပ်ကို ချမှတ်ထားရုံမျှမက လက်တွေ့နယ်ပယ်အထိ အသုံးချနေတာကို တွေ့ရပါလိမ့်မယ်။ ဒီသဘောတရား သုံးရပ်ကတော့...

  • အရာရာတိုင်းဟာ သက်ဝင်လှုပ်ရှားနေတယ် - Everything is alive
  • အရာရာတိုင်းဟာ ချိတ်ဆက်နေကြတယ် - Everything is connected
  • အရာရာတိုင်းဟာ စဉ်ဆက်မပြတ် ပြောင်းလဲနေတယ် - Everything is constantly changing


ဖုန်းရွှေနဲ့ ပတ်သက်တဲ့ ဝါဒကွဲ၊ မူကွဲနဲ့ ကျောင်းတော်ကြီးတွေ အမျိုးမျိုးရှိကြပေမယ့် ဒီအခြေခံသဘောတရား တွေကနေ သွေဖီမသွားပါဘူး။ ဒါကြောင့် ဖုန်းရွှေပညာကို လေ့လာတဲ့သူဟာ ဒီ အခြေခံသဘောတရား သုံးရပ်ကို ရင်ထဲ၊ နှလုံးသားထဲအထိ စွဲမြဲစွာ မှတ်ကျောက်တင်ထားရမှာ ဖြစ်ပါတယ်။

+++++++++++++++++++++

အရာရာတိုင်းဟာ သက်ဝင်လှုပ်ရှားနေတယ် - Everything is alive


ဒီသဘောတရားက ဖုန်းရွှေပညာရဲ့ အဓိကကျတဲ့ ချိဓာတ် (氣 - qi) တည်ရှိနေတာကို ဖွင့်ဆိုတာပါ။ နှစ်ထောင်ပေါင်းများစွာ ကတည်းက လူသားတွေဟာ စကြဝဠာအတွင်းမှာ လှည့်ပတ်သွားလာနေတဲ့ စွမ်းအင်တစ်ခု ရှိနေတာကို သတိပြုမိကြပါတယ်။ ဒီစွမ်းအင်ဟာ လျှပ်စစ်၊ သံလိုက်လှိုင်း (Electromagnetic Wave) လိုမျိုး စွမ်းအင်တစ်ခုပါ။

ဒီ ချိဓာတ်ကို နားလည်စွာ အသုံးပြုပြီး တရုတ်နဲ့ ဂျပန်လူမျိုးတွေဟာ တုန့်ပြန်အနှိပ်ပညာ (Reflexology) အပ်စိုက်ပညာ (Acupuncture) စတဲ့ ရိုးရာ ကုသနည်းစနစ်တွေကို တီထွင်ခဲ့တာဖြစ်ပါတယ်။ ဒါတင်မကဘဲ တိုက်ခိုက်ရေး နည်းစနစ်တွေ ဖြစ်တဲ့ ထိုက်ကျိ (太極 - Tai Ji) ချိကုန်း (氣 功 – Chi Gong) အာကီဒို (合気道- Aikido) အစရှိတဲ့ ကိုယ်လုံပညာရပ်တွေကိုလည်း တီထွင်အသုံးချခဲ့တာ ဖြစ်ပါတယ်။

ချိဓာတ်ဟာ လူ့ခန္ဓာကိုယ်၊ သစ်ပင်ပန်းမန်၊ အဆောက်အဦ စတာတွေထဲမှာ လည့်ပတ်စီးဆင်း တည်ရှိနေပါတယ်။ တချို့ ချိဓာတ်တွေဟာ စဉ်ဆက်မပြတ် စီးဆင်းနေပြီး၊ တချို့ ချိဓာတ်တွေကတော့ တခြား အရင်းအမြစ်တွေကနေ စီးဆင်းယိုစိမ့်လာပါတယ်။ သင့်ရဲ့ ကိုယ်ပိုင် ချိဓာတ် (Own Personal Chi Energy) ကတော့ သင့်ပတ်ဝန်းကျင်မှာ ရှိတဲ့ ချိဓာတ်တွေနဲ့ ရောနှောလို့ နေပါတယ်။


ဒီ ချိ ဆိုတဲ့ စွမ်းအင်စီးကြောင်းကြီး လည်ပတ်စီးဆင်းနေတာကို နားလည်ခြင်းဟာ ဖုန်းရွှေရဲ့ အခြေခံအကျဆုံး သဘောတရားတစ်ခုကို နားလည်ခြင်းပဲ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်ကနေ သင့်ကို ရိုက်ခတ်လာတဲ့ ချိဓာတ်တွေဟာ သင့်ရဲ့ စိတ်ခံစားချက်တွေ၊ သဘောထား အပြုအမူတွေ၊ (အချိန်ကာလနဲ့ သတ်မှတ်မယ်ဆိုရင်) သင့်ရဲ့ ကျန်းမာရေး ကိုပါ စိုးမိုးနေပါတယ်။

နမူနာ ဆိုရမယ်ဆိုရင် ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်နဲ့ တွေ့ဖို့ ချိန်းထားတယ်။ လမ်းမှာ သူ့ချစ်သူလေး ပျော်စေဖို့ လက်ခုပ်တီးပြီး သီချင်းဆိုပြမယ်၊ ဟာသတွေ ပြောပြမယ်လို့ စဉ်းစားမိတယ်။ ဒါပေမယ့် ဟိုရောက်တော့ ကောင်မလေးက မျက်ရည်တွဲလွဲနဲ့ ငိုနေတယ်။ အဲဒီအချိန်မှာ ကောင်လေးက ဘာလုပ်မှာလဲ။ သူ့ရှေ့မှာ လက်ခုပ်တီးနေမှာလား၊ ကခုန်နေမှာလား၊ ဟာသတွေ ပြောနေမှာလား။ ဒါတွေ လုပ်လို့ မဖြစ်တော့ဘူးလေ။ ပထမဆုံး ကောင်မလေး အငိုတိတ်အောင် ချော့မယ်။ သူဘာကြောင့် စိတ်ဆင်းရဲနေတာလဲ သိအောင်မေးမယ်။ ကောင်မလေး မျက်နှာလေးက ပြန်လည်လန်းဆန်း လာတဲ့အခါမှ စောစောက သူစဉ်းစားတာတွေကို လုပ်ပြမှာပေါ့။

တကယ်လို့သာ သင်ဟာ အဲဒီကောင်လေး နေရာမှာဆိုရင်ကော ဘာလုပ်မှာလဲ။ ပထမ ကောင်မလေးက ငိုနေတယ်။ နောက်တစ်ခါ ပြန်ပြီး ပျော်လာတယ်။ သူ့ရဲ့ ကောင်းတဲ့၊ ဆိုးတဲ့ ချိဓာတ် (Positive and Negative Qi) မှန်သမျှက သင့်ကို ရိုက်ခတ်တာပဲ မဟုတ်ဘူးလား။ ဒီနမူနာလေးကို သုံးသပ်ပြီး ကျွန်တော်တို့ဟာ နေ့စဉ် လက်တွေ့ဘဝမှာ အချင်းချင်း၊ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် စွမ်းအင်တွေ လဲလှယ်နေတာကို နားလည်သဘောပေါက်ရမှာ ဖြစ်ပါတယ်။

ချိဓာတ်တွေဟာ ကျွန်ုပ်တို့ဆီကို ဘယ်လို နည်းလမ်းနဲ့ ရောက်လာတာလဲ ဆိုတော့ ပတ်ဝန်းကျင်မှာ ရှိတဲ့ လေ၊ ရေ၊ အပူဓာတ်၊ အလင်း၊ အသံ စတာတွေက သယ်ဆောင်လာခြင်းပဲ ဖြစ်ပါတယ်။ သည့်တိုင်အောင် ချိဓာတ်တွေဟာ ပတ်ဝန်းကျင်မှာ ထိတွေ့ခံစားနိုင်တဲ့ လေ၊ ရေ စတာတွေကို ရည်ညွှန်းတာ မဟုတ်ပါဘူး။ ကျွန်ုပ်တို့ရဲ့ အာရုံငါးပါးကို ရိုက်ခတ်၊ လှုပ်ရှားစေတဲ့ ပြင်ပ သဘာဝအာရုံတွေနဲ့ အလားသဏ္ဍာန် တူစွာပဲ ချိဓာတ်တွေက ရောက်ရှိလာတာပါ။ ဒါကြောင့် ပြင်ပက သဘာဝအာရုံတွေနဲ့ မတူစွာပဲ တချို့သော ချိဓာတ်တွေဟာ အစိုင်အခဲ ရုပ်ဝတ္ထု (Solid Matter) တွေကို ဖြတ်သန်းသွားနိုင်ခြင်းပဲ ဖြစ်ပါတယ်။

ချိဓာတ်တွေဟာ အများအားဖြင့် တံခါး၊ ပြူတင်းပေါက်တွေကနေ ဝင်ထွက်လှည့်ပတ်ပြီး တခါတရံမှာတော့ အုတ်နံရံတွေကိုလည်း ထိုးဖောက်ပြီး ရောက်လာတတ်သလို ထိုးဖောက် ထွက်ခွာသွားနိုင်ပါတယ်။ ကနဦး ဖုန်းရွှေပညာရှင်တွေဟာ ဒီလို ချိဓာတ်တွေရဲ့ ရွေ့လျားပုံ သဘောကို ကြည့်ပြီး “ဖုန်းရွှေ = လေ + ရေ” လို့ ရိုးစင်းစွာ အမည်နာမ ပြုခဲ့ခြင်း ဖြစ်ဟန်တူပါတယ်။ ဒီလို ချိဓာတ်တွေ တည်ရှိ ဖြစ်တည်နေတာကို ပညာရှင်တွေ ရှာဖွေ တွေ့ရှိခဲ့သည့်တိုင်အောင် ချိဓာတ်ဟာ ပုံသဏ္ဍာန်မဲ့ စွမ်းအင် (Formless Energy) တစ်မျိုးဆိုတာကို နားလည်ထားရပါမယ်။



ပညာရှင်တချို့က လူသားတွေရဲ့ တတိယ အရေပြားလို့ တင်စားကြတဲ့ အဆောက်အဦတွေကလည်း စီးဆင်းနေတဲ့ ချိဓာတ်တွေကို ပြောင်းလဲစေပါတယ်။ အဆောက်အဦတွေရဲ့ ပုံသဏ္ဍာန်၊ တံခါးပေါက်၊ ဆောက်လုပ်ရေးပစ္စည်း အသုံးပြုမှု စတာတွေပေါ် မူတည်ပြီး ချိဓာတ်တွေ ပြောင်းလဲပါတယ်။ ချိဓာတ်တွေဟာ အများအားဖြင့် တံခါး၊ ပြူတင်းပေါက်တွေက ဖြတ်သန်းသွားတာမို့ နေ၊ လေ စသည်တို့ကို ဦးတည် ဖန်တီးထားတဲ့ အဆောက်အဦတစ်ခုရဲ့ အနေအထားဟာ ချိဓာတ်တွေ ဝင်ရောက်လာတာကို အဆုံးအဖြတ် ပေးပါတယ်။

ကောင်းကင်က ကြယ်တွေ၊ ဂြိုဟ်တွေ ရွေ့လျားတာအပေါ်မှာ မူတည်ပြီး ချိဓာတ်တွေကလည်း လှုပ်ရှား ပြောင်းလဲလို့ နေပါတယ်။ ဒါကြောင့် နှစ်တိုင်း၊ လတိုင်း၊ နေ့တိုင်း နာရီတိုင်းမှာ ချိဓာတ်ပုံသဏ္ဍာန်တွေ ပြောင်းလဲ ဖြစ်တည်နေတာကို နားလည်ထားရပါမယ်။

အိမ်တစ်လုံးရဲ့ ပြင်ပ ပတ်ဝန်းကျင် ဖြစ်တဲ့ ရေကန်၊ သစ်တော၊ ကားလမ်း စတာတွေဟာလည်း အိမ်အတွင်းကို ဝင်ရောက်လာတဲ့ ချိဓာတ်တွေရဲ့ လမ်းကြောင်း ပုံသဏ္ဍာန်ကို ပြောင်းလဲ စေနိုင်ပါတယ်။ အကောင်းဆုံးနဲ့ အပြည့်စုံဆုံး အနေအထားတွေ ရှိတဲ့အခါမှာတော့ ချိဓာတ်တွေဟာ တစ်အိမ်လုံးကို စည်းစနစ်ကျန မျှတစွာနဲ့ လှည့်ပတ်ဖြတ်သန်းသွားပါတယ်။

ခုလောက်ဆိုရင်ဖြင့် ဖုန်းရွှေပညာရပ်ရဲ့ ပထမဆုံး အခြေခံ သဘောတရားဖြစ်တဲ့ “အရာရာတိုင်းဟာ သက်ဝင်လှုပ်ရှားနေတယ် - Everything is alive” ဆိုတာကို သိရှိပြီလို့ ယူဆပါတယ်။ နောက်အပိုင်းတွေမှာ နောက်ထပ် သဘောတရား တွေကို ဆက်လက်ရေးသားသွားပါ့မယ်။

ဒီ ဆောင်းပါးလေးကို ဖတ်ပြီးတဲ့အခါမှာ... ကောင်းမွန်တဲ့ အနှစ်သာရပြည့်တဲ့ ချိဓာတ်တွေ သင်နဲ့ သင့်ပတ်ဝန်းကျင်မှာ စီးဆင်းလှည့်ပတ် လွှမ်းခြုံ နေစေချင်တယ်၊ ပြီးတော့ သာယာတဲ့ ပျော်ရွှင်ကြည်လင်တဲ့ နေ့စဉ်ဘဝကို ဖြတ်သန်းချင်တယ်၊ ပြီးတော့ လှပ သဘာဝကျတဲ့ စိတ်ကူးတွေ၊ ပြောင်းလဲမှုတွေကို ဖန်တီးချင်နေတယ် စတဲ့အတွေးတွေ ဖြစ်လာတယ် ဆိုရင်တော့ သင်ဟာ ဖုန်းရွှေပညာကို စိတ်ဝင်စားနေပြီလို့ပဲ ဆိုလိုက်ပါရစေ။

ကြွယ်ဝမျှတသော သဘာဝတရားဆီသို့
အုပ်စိုး

References:
  • Feng Shui and the Bedroom - Return to Sweet Dreams: Bringin Serenity & Sensuality back into the Room of Rest, Rejuvenation & Romance, Terah Kathryn Collins
  • Principles of Feng Shui: An Illustrated Guide to Chinese Geomancy, Sherman Tai
  • Feng Shui for Abundant Living, Kathy Browning
  • Feng Shui, The Art of Placement, Holly Tashian

8 comments:

Unknown said...

ဖုန်းရွှေကို လေ့လာဖူးပေမဲ့ ဒီသဘောတရား၃ခုအကြောင်း ခုမှကြားဖူးတာပါ။ စိတ်ဝင်စားပါတယ်။ ဆက်ရေးပါဦး။

Unknown said...

ကောင်းတယ်ဗျာ။ အများကြီး ဆက်ဖတ်ချင်ပါသေးတယ်။ ကျွန်တော်က စာဖတ်မြန်ပြီး စာဖတ်လောဘကြီးတော့ ဒီလောက်နဲ့ အားမရဘူးဖြစ်နေတယ်။

Oak Soe MMTL said...

ဆရာဗိုလ်ရေ...

ဆက်ရေးပါ့မယ်။ ရေးထားတာတွေကို ပြန်ဖတ်ပြီး စာမချောလို့ ပြင်ရင်းနဲ့ ချာလည်လိုက်နေလို့ပါ။

လေးစားစွာဖြင့်
အုပ်စိုး

နျူမာန် (မိုးတား) said...

ကိုအုပ်စိုးရေ။
ဆက်ရေးပါဦးဗျာ။ အားပေးပါတယ်။
နျူမာန် (မိုးတား)

ရိုးရာ said...

ကျေးဇူးတင်ပါတယ်
အခုမှဒီအကြောင်းတွေကိုသိရတာပါ
ဆက်လက်ရေးသားပါအုံးနော်။

ကိုမင်း

AUNG LIN NAING said...

ကိုအုပ်စိုးရေ ကျွန်တော် အရမ်းကိုယုံကြည်ပါတယ် တခုမေးပါရစေ တံခါးဝ မှာ မှန်တပ်တဲ့ ကိစ္စပါ ။ တချို့ မှန် က မကောင်းဆိုးဝါး တွေ့ နိုင်တယ်ဘာညာပြောကြတော့ အိမ်ရှေ့ မှာ တပ် လို့ ရှိရင်ဖြစ်ပါ့မလား ကျွန်တော် လုပ်ကြည့်ချင်တယ် (ကျွန်တော်က ဂျပန်ကပါ) အိမ်ရှေ့ မှာ အိမ်ကြီးအိမ်ကောင်းတအိမ်ရှိပါတယ် ဒီမှာ လည်း ငလျင်ဘေးက ကြောက်နေရတော့ အားကိုးစရာလေး လိုချင်ပါတယ် ကူညီပါ

PhyuT said...

အိမ်မှာ ညလေးဖွားဖွား အဲလိုလုပ်တယ်လေ..မကောင်းဆိုးဝါးတွေ တွေ့နိင်တယ်လို့တော့ကျောဖူး (မကောင်းဆိုးဝါးတွေတွေ့ချင်ရင် လပြည့်နေ့ အိမ်ခေါင်မိုးတံစက်မှိတ်အောက်မှာ မှန်ထောင်ပီး ကြည့်ရတာ ဟီးးး..).....အဖွားပြောတာကြားဖူးတာတော့ လမ်းဆုံ လမ်းခွ အိမ်တွေမှာ အဆိုးအညံ့ ခိုက်မှာဆိုးလို့ ကျားကန်ထားတာတဲ့....ဖွားဖွားပြောပြတာနော်...ညလေးက သိလို့ပြောတာ ဟုတ်ဖူး....:)

နေစရာ အိမ်လေးတစ်လုံး ရှာနေသူ said...

အစ်ကို အခုမှ စဖတ်ဖူးတာပါ..အခုမှလည်း ဒီလိုတွေရှိတယ် ဆိုတာ သိရတာပါ.။
ဆက်ရေးပါ အစ်ကို ကျွန်တော် စောင့်ဖတ်နေပါ့မယ်.။

Post a Comment